ဗဟို၏နိုင်ငံရေး ပဲ့တင်သံ

လူသိများသောသမိုင်းစာမျက်နှာများ

အထူးကဏ္ဍများ

ဗဟိုအုပ်ချုပ်ရေးဆိုင်ရာအတွေးများ

(ဘုရားသခင်လား၊ ပွဲစားလား)

--------------


ဝံပုလွေအုပ်စုမှသည် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများ၊ ခေတ်သစ်နိုင်ငံတော်အထိ လူသားတို့၏ ဖွဲ့စည်းပုံတိုင်းလိုလိုတွင် "ဗဟို" (Center) ဆီသို့ ဦးတည်သွားသော ဆွဲအားတခု ရှိနေတတ်သည်။ အမိန့်နာခံမှု၊ စနစ်ကျမှုတို့သည် တနေရာရာ၊ တခုတည်းသော နေရာမှ လာရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားတတ်ကြသည်။ ဗဟိုဆိုသည်မှာ ဦးနှောက်နှင့် တူသည်။ သူက တွေးတောသည်၊ အမိန့်ပေးသည်၊ ညှိနှိုင်းသည်။ သူသာ မရှိလျှင် အရာရာ ဖရိုဖရဲ ဖြစ်ကုန်လိမ့်မည်ဟု သွန်သင်ခံထားရသည်။ ကျောင်းမှာလည်း ဒီလိုပဲ သင်ခဲ့ရသည်။


သို့သော် သမိုင်းက တမျိုးတဖုံ ပြောပြနေပါသည်။ ဗဟိုသည် ပုံစံအမျိုးမျိုး၊ မျက်နှာဖုံးအမျိုးမျိုး ပြောင်းလဲခဲ့သည်။ တခါတရံ ဘုရားသခင်၊ တခါတရံ ဘုရင်၊ တခါတရံ ပါတီ၊ ဖိုင်များသိမ်းထားသော ဘီရို သို့မဟုတ် ယနေ့ခေတ် အေအိုင်/ အယ်လ်ဂိုရီသမ် (Algorithm) စသည်ဖြင့် ခေတ်အလိုက် ပြောင်းလဲခဲ့သည်။ ထိုပုံစံအမျိုးမျိုးသည် "ငါတို့ရှိမှ ဖြစ်မယ်" ဟု အခိုင်အမာ ဆိုခဲ့ကြသည်။ နာခံမှုကို တရားမျှတကြောင်းပြခဲ့သည်။ တည်ငြိမ်မှု ပေးမည်ဟု ကတိပေးခဲ့ကြသည်။


အကယ်၍ ကျွန်ုပ်တို့သည် ဗဟိုချုပ်ကိုင်သော အာဏာကို ကိုယ်ကျင့်တရားဆိုင်ရာ အထွတ်အထိပ်ဟု ထင်မှတ်မှားနေတတ်သည့် မြန်မာနိုင်ငံကဲ့သို့သော နေရာမျိုးတွင် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်လိုပါက၊ ဦးစွာပထမ "ဗဟို" နှင့် ပတ်သက်သော ဒဏ္ဍာရီများကို ဖြိုဖျက်ရပါလိမ့်မည်။ ညှိနှိုင်းဆောင်ရွက်မှုကို ဖျက်သိမ်းရန် မဟုတ်ဘဲ၊ ၎င်းအပေါ် တင်ထားသော လျှို့ဝှက်ဆန်းကြယ်မှုများကို ဖယ်ရှားရန် ဖြစ်သည်။


နိုင်ငံရေးအတွေးအခေါ်တွင် တစိုက်မတ်မတ် ရှိနေတတ်သော ဒဏ္ဍာရီမှာ သောမတ်စ် ဟော့ဘ် (Hobbes) ၏ ရွေးချယ်စရာမရှိသော လမ်းနှစ်ခွ ဖြစ်သည်။ အားကောင်းသော ဗဟိုကို ဒူးထောက်မလား၊ မင်းမဲ့စရိုက်ဆန်ဆန် ဖရိုဖရဲ အခြေအနေကို ရွေးမလား။ လေဝိသန်မိစ္ဆာ (Leviathan) ခေါ် ဧရာမသတ္တဝါကြီးလို အာဏာရှင်လား၊ ဖရိုဖရဲ ကစဉ့်ကလျားလား။ ဘုရင်ရွေးမလား၊ သွေးချောင်းစီးမလား။


ဤသို့ အဖြူအမည်း နှစ်ခွတွေးခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ အဆင်ပြေစေပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ နက်ရှိုင်းသော ကြောက်ရွံ့မှုတခုဖြစ်သည့် "အင်ထရိုပီ" (Entropy - စနစ်တကျ မရှိဘဲ ပြိုကွဲသွားခြင်း) ကို သက်သာစွာ မြင်ပေးနိုင်သောကြောင့် ဖြစ်သည်။ သခင်တဦးဦးက မထိန်းချုပ်ထားလျှင် လူသားများသည် သဘာဝအလျောက် အကြမ်းဖက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယူဆတတ်ကြသည်။ ထို့ကြောင့် ဗဟိုသခင်သည် အစွန်အဖျားဒေသများ (Periphery) ထက် ပို၍ ကိုယ်ကျင့်တရား မြင့်မားသည်၊ ပို၍ ဆင်ခြင်တုံတရားနှင့် ပြည့်စုံသည်၊ ပို၍ ရင့်ကျက်သည်ဟု ထင်မြင်ယူဆကြသည်။


ဤသည်မှာ မရှိမဖြစ်အနှစ်သာရအမြင် (Essentialism) ၏ အမှားဖြစ်သည်။ ဉာဏ်ပညာနှင့် သီလတရားတို့သည် နေရာဒေသတခုတည်းတွင် စုပြုံနေတတ်သည်ဟု ယူဆခြင်း ဖြစ်သည်။ မြို့တော်များသည် ပညာရှိသည်၊ ကျေးလက်များသည် ခေတ်နောက်ကျသည်။ ဗိုလ်ချုပ်ကြီးများ သို့မဟုတ် သူတော်ကောင်းနိုင်ငံရေးသမားများသည် အလုံးစုံကို မြင်သည်၊ ပြည်သူများသည် အပိုင်းအစများကိုသာ မြင်သည်ဟု ယူဆခြင်း ဖြစ်သည်။


မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှသည် ဗြူရိုကရေစီ ဆရာလုပ်ခြင်းများအထိ ဤယုတ္တိအမြင်ဖြင့်ပင် အရာရာကို တရားမျှတကြောင်း ပြခဲ့သည်။ တိုင်းပြည်မပြိုကွဲအောင် သူတို့သာ ထိန်းထားနိုင်သဖြင့် ဗဟိုက လွှမ်းမိုးထားရမည်ဟု အခိုင်အမာ ဆိုသည်။ အပြန်အလှန်ဆက်ဆံရေးမှတဆင့် စနစ်ကျနမှု ပေါ်ထွက်လာနိုင်သည် (Order can emerge relationally) ဆိုသော ဖြစ်နိုင်ချေကို ဆွေးနွေးခွင့်ပင် မပြုခဲ့ပေ။


ပိုမိုနက်ရှိုင်းသော အမြင်တခုကတော့ ကိုယ်ကျင့်တရားဆိုင်ရာ အကြွင်းမဲ့ဝါဒ (Moral absolutism) ကို စွန့်လွှတ်ပြီး ဗဟိုချုပ်ကိုင်မှုကို နည်းပညာပိုင်းဆိုင်ရာ ရွေးချယ်မှု (Technical choice) တခုအဖြစ် ပြန်လည်ရှုမြင်ခြင်း ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုသည် ကောင်းခြင်း၊ ဆိုးခြင်း မဟုတ်။ အချို့သော လုပ်ငန်းများအတွက် ထိရောက်မှု ရှိခြင်းသာ ဖြစ်သည်။


စစ်ပွဲကြီးများဆင်နွှဲခြင်း၊ ငွေကြေးစနစ် သတ်မှတ်ခြင်း၊ ကပ်ရောဂါ ထိန်းချုပ်ခြင်းတို့တွင် တပြေးညီ လုပ်ဆောင်ခြင်းက အကျိုးရှိသည်။ သို့သော် တီထွင်ဆန်းသစ်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ဘဝနေထိုင်မှုနှင့် ဂေဟစနစ်နှင့် လိုက်လျောညီထွေ နေထိုင်မှုတို့တွင်မူ ကွဲပြားစုံလင်မှု (Diversity) က ပို၍ အောင်မြင်ဖြစ်ထွန်းသည်။


ဤနေရာတွင် ဗြူရိုကရေစီ (Bureaucracy) ဝင်လာသည်။ ကောင်းသည့်အချက်မှာ သန်းနှင့်ချီသော လူများကို စီမံခန့်ခွဲရာတွင် အတိုင်းအတာ (Scale) ချဲ့နိုင်ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ အန္တရာယ်မှာ စိတ်ကူးသက်သက် (Abstraction) ဖြစ်သွားခြင်းပင်။ လူများသည် အမှုတွဲများ ဖြစ်သွားသည်။ ကျေးရွာများသည် အချက်အလက် (Data points) များ ဖြစ်သွားသည်။ ဆင်းရဲဒုက္ခများသည် လုပ်ထုံးလုပ်နည်းများကြောင့် ကြန့်ကြာနေသော စာရင်းဇယား ကိန်းဂဏန်းများ ဖြစ်သွားသည်။


ဤအဆင့်သည် တိုးတက်မှု ရှိသော်လည်း ဗဟိုကို ကြားနေဒိုင်ခွက် (Neutral dial) တခုအဖြစ် သဘောထားဆဲ ဖြစ်သည်။ လိုလျှင် တိုးမည်၊ မလိုလျှင် လျှော့မည်။ သို့သော် ပို၍ အန္တရာယ်ကြီးသော မေးခွန်းကို မမေးမိကြပေ။ ထိုဒိုင်ခွက်ကို ဘယ်သူ ထိန်းချုပ်သနည်း။ အလွဲသုံးစားလုပ်သောအခါ ဘယ်သူက တန်ဖိုးပေးဆပ်ရသနည်း။

ယခု ကျွန်ုပ်တို့သည် အာဏာ၏ ပုံသဏ္ဌာန် (Geometry of power) ကို ပြောင်းလဲကြည့်ကြပါစို့။


ကိုလိုနီ ပိရမစ်ပုံစံသည် အောက်ခြေမှ အပေါ်သို့ စုပ်ယူပြီး အပေါ်မှ အောက်သို့ အမိန့်စီးဆင်းသည်။ သတင်းအချက်အလက်များသည် ထိပ်ဆုံးသို့ ရောက်သွားပြီး အမိန့်များသည် အောက်ခြေသို့ စီးဆင်းသည်။ ထိပ်ပိုင်း (Apex) ကို ဖယ်ရှားလိုက်လျှင် တည်ဆောက်ပုံ တခုလုံး ပြိုကျသွားသည်။ ထို့ကြောင့် ဗဟိုချုပ်ကိုင်မှု များသော နိုင်ငံများတွင် အာဏာသိမ်းခြင်း (Coups) သည် အလွန်ထိရောက်မှု ရှိနေခြင်း ဖြစ်သည်။ ဗဟိုမှာ အာဏာမရှိလျှင် သွားသိမ်းလည်း သိပ်ထူးမည်မဟုတ်။


ယင်းကို ကွန်ရက်စနစ်များ (Network systems) နှင့် နှိုင်းယှဉ်ကြည့်ပါ။ လေဆိပ်များ၊ အင်တာနက်၊ ကိုလိုနီခေတ်မတိုင်မီ အရှေ့တောင်အာရှရှိ ဌာနေ မဏ္ဍလ နိုင်ငံရေးစနစ်များ (Mandala polities) ကို ကြည့်ပါ။ ဤစနစ်များတွင် ဗဟိုသည် အမိန့်ပေးသူ (Commander) မဟုတ်ဘဲ ချိတ်ဆက်ပေးသူ (Connector) ဖြစ်သည်။ ဗဟို၏ အရေးပါမှုသည် လွှမ်းမိုးချုပ်ကိုင်ခြင်းအပေါ်တွင် မမူတည်ဘဲ ဝန်ဆောင်မှုပေးခြင်းအပေါ်တွင် မူတည်သည်။


တမ်ဘိုင်ယာ (Tambiah) ကဲ့သို့သော ပညာရှင်များ ဖော်ပြခဲ့သည့် မဏ္ဍလ သို့မဟုတ် ဂလက်ဆီပုံစံ နိုင်ငံရေးတွင် ဘုရင်သည် ကျေးရွာများကို အသေးစိတ် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါ။ အာဏာသည် ဆက်ဆံရေးများ၊ ရိုးရာဓလေ့များနှင့် အပြန်အလှန် အကျိုးစီးပွားများမှတဆင့် အပြင်ဘက်သို့ ဖြာထွက်သည်။ အာဏာပိုင်စိုးမှု ရှိနေခြင်းမှာ အခြားသူများက ထိုအာဏာကို ဗဟိုပြု၍ လည်ပတ်ရန် ရွေးချယ်ခဲ့ကြသောကြောင့်သာ ဖြစ်သည်။


ဤသည်မှာ ကိုလိုနီခေတ် မြေပုံဆွဲခြင်းနှင့် လွတ်လပ်ရေးရပြီးခေတ် စစ်တပ်လွှမ်းမိုးခြင်းများအောက်တွင် မြန်မာနိုင်ငံ မေ့လျော့သွားခဲ့သော သင်ခန်းစာတခု ဖြစ်သည်။ နယ်နိမိတ်များ တင်းမာလာသည်။ ဆွဲငင်အား (Gravity) သည် အတင်းအကျပ် ဖိအား (Force) အဖြစ် ပြောင်းလဲသွားသည်။


ခေတ်သစ် ဗြူရိုကရေစီကို တီထွင်ခဲ့ခြင်းမှာ မျက်နှာလိုက်ခြင်းများကို စည်းမျဉ်းများဖြင့် အစားထိုးရန် ဖြစ်သည်။ ဘုရင်က မိတ်ဆွေများကို ဆုချမည့်အစား၊ ရုံးစားပွဲများက ဖိုင်များကို ဆောင်ရွက်ပေးသည်။ တရားမျှတမှု ရှိစေရမည်ဟု ကတိပေးခဲ့သည်။


မက်စ်ဝက်ဘာ (Max Weber) က ယင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးကို သတိပေးခဲ့သည်။ သံလှောင်အိမ် (Iron Cage) ဟု ခေါ်သည်။ လူသားတို့၏ လိုအပ်ချက်များထက် လုပ်ထုံးလုပ်နည်းများကိုသာ ဦးစားပေးသော စနစ် ဖြစ်လာသည်။ စည်းမျဉ်းများသည် အထွတ်အမြတ် ဖြစ်လာသည်။ ကြန့်ကြာမှုများသည် ဖြစ်သင့်ဖြစ်ထိုက်သော အရာများ ဖြစ်လာသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုတို့သည် လုပ်ငန်းစဉ်များထဲတွင် ပျော်ဝင်ပျောက်ကွယ်သွားသည်။


ပိုမိုနက်ရှိုင်းသော အားနည်းချက်မှာ အာရုံခံစားနိုင်စွမ်း (Sensory) ပိုင်းဆိုင်ရာတွင် ဖြစ်သည်။ အဆင့်ဆင့် အုပ်ချုပ်မှုစနစ်များ (Hierarchies) သည် တုံ့ပြန်မှုကွင်းဆက်များ (Feedback loops) ကို ဖြတ်တောက်လိုက်သည်။ အစွန်အဖျားတွင် ဖြစ်ပျက်နေသော နာကျင်မှုကို ပြန်လည်ကုစား၍ မရနိုင်တော့သည့် အချိန်ရောက်မှသာ ဗဟိုက ခံစားသိရှိသည်။ ခြေထောက်တွင် ဖြစ်နေသော အနာရင်းခြင်း (Gangrene) သည် နှလုံးသားဆီသို့ ရောက်လာမှသာ နှလုံးသားက သတိထားမိသည့် ပုံစံမျိုး ဖြစ်သည်။

ဆိုရှယ်အိုကရက်တစ် (Sociocratic) နှင့် ဆိုက်ဘာနက်တစ် (Cybernetic) အုပ်ချုပ်ရေးစနစ်များက ပြုပြင်ပြောင်းလဲမှုကို အဆိုပြုသည်။ ဆုံးဖြတ်ချက်ချခြင်းကို စက်ဝိုင်းပုံစံ ပြုလုပ်ခြင်း၊ တုံ့ပြန်မှုများ (Feedback) ကို နှစ်ဖက်စလုံးသို့ စီးဆင်းစေခြင်း ဖြစ်သည်။ ဗဟိုကို အမိန့်ပေးရာဌာနအဖြစ် မဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ပေးရာဌာန (Coordination) အဖြစ် ရှုမြင်သည်။ အမိန့်ထုတ်သော ဦးနှောက် မဟုတ်ဘဲ၊ စီးဆင်းမှုများကို ထိန်းသိမ်းပေးသော ဆုံချက် (Node) အဖြစ် ထားရှိခြင်း ဖြစ်သည်။

သမိုင်းတလျှောက်တွင် ဗဟို၏ အဓိပ္ပာယ်သည် ပြောင်းလဲခဲ့သည်။


ရှေးဟောင်း ခြုံငုံလောကအမြင်များတွင် ဗဟိုသည် ကိုယ်ကျင့်တရား (Virtue) ကို ကိုယ်စားပြုသည်။ ဘုရင်သည် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးသည်။ စနစ်ကျနမှုသည် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်။


မော်ဒန်ခေတ်သစ်ကာလတွင် ဗဟိုသည် အင်ဂျင်နီယာတယောက်လို ဖြစ်လာသည်။ တိုင်းတာသည်၊ မြေပုံဆွဲသည်၊ စည်းကမ်းသတ်မှတ်သည်။ စနစ်ကျနမှုသည် နည်းပညာနှင့် သက်ဆိုင်သည်။


ယခု ကျွန်ုပ်တို့သည် အခြားသော အကူးအပြောင်းတခုသို့ ရောက်ရှိနေပါပြီ။ ဗဟိုသည် ပွဲစားလို ဖြစ်လာသည်။ သူသည် တရားဥပဒေစိုးမိုးရေး၊ ငွေကြေး၊ ကာကွယ်ရေးနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့ကို ပံ့ပိုးပေးသည်။ သို့သော် ဒေသများ၊ လူ့အသိုင်းအဝိုင်းများနှင့် ယဉ်ကျေးမှုများသည် မိမိတို့၏ ကိုယ်ပိုင် ဘဝများဖြင့် မောင်းနှင်မည်ပေါ့။


ဤအရာက အာဏာအပေါ်ထားရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကို ဖယ်ရှားပေးသည်။ အကယ်၍ ပျက်ကွက်သွားလျှင် ဝန်ဆောင်မှုပေးသူကို တရားစွဲနိုင်သည်။ ဘုရားသခင်ကဲ့သို့ အရှိန်အဝါ မရှိ။ အထွတ်အမြတ် အာဏာပိုင် မရှိ။ တာဝန်ခံမှုရှိသော ဝန်ဆောင်မှုသာ ရှိသည်။


မြန်မာနိုင်ငံ၏ ဝမ်းနည်းဖွယ်အဖြစ်အပျက်မှာ ဗဟိုမရှိခြင်း မဟုတ်ဘဲ၊ ဗဟိုကို ကိုးကွယ်နေခြင်း ဖြစ်သည်။ အာဏာကို ဗဟိုချုပ်ကိုင်ခဲ့သည်၊ ကိုယ်ကျင့်တရားနှင့် ယှဉ်တွဲခဲ့သည်၊ စစ်ရေးပုံစံ သွတ်သွင်းခဲ့သည်။ ကွဲပြားစုံလင်မှု (Diversity) ကို အရင်းအမြစ်တခုအဖြစ် မဟုတ်ဘဲ ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့သည်။ အုပ်ချုပ်ရေးသည် လွှမ်းမိုးချုပ်ကိုင်ရေး ဖြစ်လာသည်။


ဖက်ဒရယ် အနာဂတ်တခုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောင်းလဲမီ အတွေးအခေါ်ပိုင်းဆိုင်ရာ အပြောင်းအလဲ (Philosophical Shift) လိုအပ်သည်။ ဗဟိုကို လျှို့ဝှက်ဆန်းကြယ်မှုများ ခွာချပြီး အခြေခံအဆောက်အအုံ (Infrastructure) အဖြစ် ပြန်လည်တည်ဆောက်ရမည်။ ဒေသများကို နိုင်ငံရေးအရ ရင့်ကျက်သူများ (Political Adults) အဖြစ် ယုံကြည်ရမည်။ စည်းလုံးညီညွတ်မှုကို အမိန့်ပေးခြင်းဖြင့် မဟုတ်ဘဲ စီးဆင်းလည်ပတ်မှု (Circulation) မှတဆင့် ဖန်တီးရမည်။


ယနေ့ မြန်မာနိုင်ငံသည် အဆင့်နှစ်ခုကြားတွင် ပိတ်မိနေသည်။ ကိုလိုနီခေတ် ပိရမစ်ပုံစံကို ခေတ်သစ် ထောက်လှမ်းရေးစနစ်များနှင့် ပေါင်းစပ်ထားသည်။ တရားဝင်မှု (Legitimacy) မရှိဘဲ ထိန်းချုပ်ထားသည်။ ယုံကြည်မှုမရှိဘဲ ဗဟိုချုပ်ကိုင်ထားသည်။ လုပ်ရမည့်အလုပ်မှာ ပိုကောင်းသော အုပ်စိုးသူကို ရှာဖွေရန် မဟုတ်ဘဲ၊ စနစ်ကို ပြန်လည်ပုံဖော်ရန် (Redesign) ဖြစ်သည်။ မင်းကောင်းမင်းမြတ် မဟုတ်ဘဲ၊ စိတ်ချရသော စနစ်တခု လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။



သမိုင်းဆောင်းပါးများ Blog စာမျက်နှာသို့